ထူးကဲပေစွ နတ်တော်လ
နှင်းဝေမြူး၍ ညင်းလေရူးသည့်အချိန်ကား “နတ်တော်လ”အချိန်ဖြစ်တော့သည်။ နတ်တော်လသည် ဆောင်းရာသီ၏ ဒုတိယရင်သွေးဟုဆိုရပေမည်။ မိုးစက်၊ မိုးနံ့ကင်းစင်ခြောက်သွေ့ပြီး မြူခိုးမြူငွေ့ဝေ့သန်းလာသော အေးမြစပြုသည့် အခါသမယဖြစ်သည်။ နတ်တော်လသည် ဓနုရာသီဖြစ်သည်။ စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ ရာသီရုပ်မှာလေးစွဲယောကျ်ားရုပ်ဖြစ်သည်။ ရာသီပန်းကား သဇင်ပန်းလေးများပွင့်ပါသည်။ စာဆိုတော်ပွဲကို နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စာပေပညာရှင်များကို ဂုဏ်ပြုလို၍ဖြစ်သည်။
