အမျိုးသားရေးစိတ်ဓာတ်အခြေခံလို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့
နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အရေးကြီးသော လိုအပ်ချက်များစွာရှိသော်လည်း အဓိကအရေးကြီးဆုံးအချက်သည် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ လွတ်မြောက်စေရန် မြန်မာတစ်မျိုးသားလုံးက အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွမှုအပြည့်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သောကြောင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်နိုင်ငံလုံးအမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွလာစေရန်အတွက် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ဆိုးဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ၁၉၂၀ ပြည့်နှစ် အမျိုးသားပညာရေးလှုပ်ရှားမှုက အစပြုခဲ့ခြင်းဖြစ်သည်။
