နေပြည်တော် ဧပြီ ၂၃
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများမှ ယာယီဝန်ထမ်းအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းနှင့် မိသားစုဝင်များ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပသည်။
ဦးစွာ အပူဒဏ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြပြီး မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ(ဆေး)ဖြစ်သူ ဒေါက်တာသန်းမင်းထွဋ်က ဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် အပူဒဏ်အန္တရာယ်အကြောင်းကို သိရှိနားလည်ပြီး မလိုလားအပ်သော ဘေးအန္တရာယ်များကို ကောင်းစွာကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပွားသည့် ရောဂါလက္ခဏာများနှင့် သတိလစ်နေသည့်လူနာအား အရေးပေါ်ရှေးဦးပြုစုမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို ဟောပြောသည်။
ယင်းနောက် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် ယာယီဖွင့်လှစ်ထားသည့် ဆေးပေးခန်း၌ ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်သော ဆေးအဖွဲ့က ဆေးဝါးကုသပေးခြင်းများဆောင်ရွက်ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် အသုံးပြုရန် ပို့ဆောင်ရေးဝန်ကြီးဌာနက လှူဒါန်းသည့် အလှူငွေကျပ် ၅၄၀၀၀၀၀ ကို ပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကပေးအပ်ရာ ဒေါက်တာသန်းမင်းထွဋ်က လက်ခံရယူသည်။
အဆိုပါ ဟောပြောပွဲများနှင့် ဆေးဝါးကုသမှုများကို ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိဌာန၊ အဖွဲ့အစည်းများ၏ ယာယီဝန်ထမ်းအိမ်ရာများသို့ ဆေးအဖွဲ့များဖြင့် သွားရောက်၍ ဆေးကုသမှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
