Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ထိန်းသိမ်းနေမှုများ ကြည့်ရှုစစ်ဆေး

မန္တလေး ဧပြီ ၂၃

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တံတားဦးခရိုင် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အအုံ၊ စေတီ၊ ပုထိုးများနှင့် မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တံတားဦးမြို့ မင်္ဂလာစေတီမှ အင်းဝမြို့ဟောင်း တတိယမြို့ရိုးသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မဟာဇေယျပထမောင်အို အုတ်လမ်းသို့ ရောက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက မောင်အိုအုတ်လမ်းအား ရှေးမူမပျက် ပြန်လည်ဖော်ထုတ်၍ မူလအနေအထားအတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နုတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် အောင်မြေဘုံစံအုတ်ကျောင်း (ခ) မယ်နုအုတ်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မယ်နုအုတ်ကျောင်းသည် အေဒီ ၁၆၃၈ တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး မယ်နု၏ သမီးတော်ဆင်ဖြူမရှင်က ပြန်လည်ပြုပြင်ခဲ့ကြောင်း၊ ယခု ၂၀၂၅ မန္တလေးငလျင်ကြီးတွင် မြောက်ဘက်တစ်ခြမ်းလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ သဘာဝဘေးကြောင့် မူလရှေးဟောင်း လက်ရာအနေအထား ပျက်စီးခဲ့မှုများအား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြန်လည် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် အင်းဝမြို့ဟောင်းအား ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (အခြား) အသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် အင်းဝမြို့ဟောင်းရှိ တံခါးနီတံခါးနှင့် ရွေးတော်ယူ တံခါး တူးဖော်သုတေသနပြုခြင်းနှင့် သတိုးမင်းဖျား၏ မူလမြို့ရိုးအား စမ်းသပ်တူးဖော်မည့် သုတေသနပြုမည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အေဒီ ၁၇၃၃တွင် တည်ထားခဲ့သည့် အင်းဝလောက သရဖူဘုရား ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် အလှူရှင်ဦးစိုးနိုင်၏ လှူဒါန်းမှုဖြင့် မူလရှေးဟောင်း လက်ရာအတိုင်း ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝရှေးဟောင်းသုတေသနပြတိုက် ပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အင်းဝ ရှေးဟောင်းသုတေသနပြတိုက် ပြန်လည်ပြုပြင်ခြင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ချုပ်နှင့် မြန်မာနိုင်ငံငလျင်အသင်းတို့မှ ပညာရှင်များ၊ အိန္ဒိယနိုင်ငံချန်နိုင်းတက္ကသိုလ်မှ ငလျင်နှင့် အဆောက်အအုံ ပညာရှင်များ၏ အကြံပြုချက်နှင့် ပူးပေါင်းကြီးကြပ်မှုဖြင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အင်ဂျင်နီယာများက ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇွန်လတွင် ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အတွင်းမှထောက်တိုင်များ၊ အပေါ်ဆင့်များ ထပ်မံအားဖြည့်ထည့်ရန်၊ နောင်ငလျင်များဖြစ်ပေါ် လာနိုင်သည်ကို ကြိုတင်ရည်မှန်း၍ ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ရန်၊ အင်ဂျင်နီယာများ နေ့စဉ်အမြဲကြီးကြပ်၍ အားနည်းချက် မရှိစေရေး စီမံဆောင်ရွက်ရန်၊ ပြုပြင်ပြီးစီးပါက ပြန်လည်ခင်းကျင်းမှုကိုပါ ကြိုတင်လျာထား ဆောင်ရွက်ရန်၊ အလားတူအင်းဝဒေသရှိ ငလျင်ဒဏ်ခံဘုရားများ ပြုပြင်ရာတွင် ပစ္စည်းလိုအပ်ချက်များရှိပါက တင်ပြရန်နှင့် ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုး၏ နေရာအနှံ့အပြားတွင် ထိခိုက်ပျက်စီးမှုများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မူလရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ အမှတ် (၉၅၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)၊ တင်ဒါအောင် ကုမ္ပဏီများနှင့်ဌာနတို့က ဆောင်ရွက်ခဲ့သည့်မြို့ရိုး၊ မီးတားများ၊ သူရဲခိုများ၊ ပြာသာဒ်ကြီးများနှင့် ပြာသာဒ်ငယ်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်