ယခင်နှင့်မတူ စိမ်းလန်းစိုပြည်သာယာလှပနေသည့် မွေးရပ်မြေ
ရန်ကုန်မှအထွက် ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကို ဖြတ်၍ ဟင်္သာတမြို့သို့ ရောက်ချိန်တွင် “ဟင်္သာတမြို့က လှိုက်လှဲစွာကြိုဆိုပါ၏” ဟူသည့် ဆိုင်းဘုတ်ကြီးကလည်း ယခင်နှင့်မတူ။ ခံ့ညားလှပ စိမ်းလန်းစိုပြည်နေသည့် ဆေးရိုးပင်တန်းများဖြင့် ပုံဖော်ထားသည်မှာ မျက်စိပသာဒဖြစ်လှသည်။ မြို့ထဲသို့ ဆက်လက်ဝင်ရောက်လာချိန်တွင် သပ်ရပ်လှပနေသည့် အဆောက်အအုံများက အစီအရီပင်။ မြို့တွင်းဝဲဘက်သို့ ချိုးကွေ့လိုက်စဉ်တွင် ရွှေရောင်တပြောင် ပြောင်နှင့် ခံ့ညားလှပနေသည့် ဟင်္သာတမြို့ အထိမ်းအမှတ် ဟင်္သာရုပ်အဝိုင်းကြီးဘေးတွင် We Love Hinthada Light Board နှင့် အာဇာနည်ပန်းခြံကို တွေ့ရ သည်။ ကျွန်မတို့ငယ်စဉ်က ခြံစည်းရိုး များ ကာရံထားပြီး အပြင်မှသာ ငေးမောကြည့်ရှုရသည့် အာဇာနည်ပန်းခြံသည် ယခုအချိန်တွင် ခြံစည်းရိုးများမရှိတော့ဘဲ အများပြည်သူ လမ်းလျှောက်အပန်းဖြေရန် ရင်ပြင်ကျယ်နှင့် ကျန်းမာရေး အတွက် (Outdoor Fitness) အားကစားလှုပ်ရှားမှုကိရိယာများ၊ စိတ်ကြည်နူးစရာ မြက်ခင်းစိမ်းစိမ်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်ကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ထိုမှရှေ့ဆက်၍ ပြည်သူ့ကျန်းမာရှေ့တွင် Public Toilet (အဆင့်မြင့်သန့်စင်ခန်း) တည်ဆောက်ပေးထားရာ အဝေးပြေးကားဂိတ်အနီးတွင်ဖြစ်သဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ကျန်းမာရေးကိစ္စဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
