မဲနယ်တောင်တန်းပေါ်မှ ဖွံ့ဖြိုးရေးလမ်းကွန်ရက်များ (၁)
“လွယ်မိုင်းတောင်”သည် မဲနယ်တောင်ကြောတွင်တည်ရှိ၏။ ၈၂၆၃ ပေမြင့်၏။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်မြင့်သော တောင်တန်းဖြစ်သည်နှင့်အညီ မြူခိုးတွေ၊ နှင်းဝေဝေတွေ အမြဲမှိုင်းဝေအုပ်ဆိုင်း အလှဆင်နေတတ်သည်။ ဤတောင်ထိပ်၌ ဆောင်းတွင်းကာလတွင် တောင်ဇလပ်နီနီများလည်း လှပခမ်းနားစွာပွင့်လေ့ရှိသည်။ တိမ်တွေ အဆုပ်လိုက်အဆုပ်လိုက် ပုံသဏ္ဌာန်မျိုးစုံနှင့် ရွေ့လျားနေသည့် တိမ်ပင်လယ်များက အပြည့်နေရာယူတတ်ပြန်သည်။
