Skip to main content

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နေပြည်တော် ဧပြီ ၁၇

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၇၉ ဦး၊ စုစုပေါင်း ၄၅၁၄ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၇၉ ဦးတို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမသြဝါဒစကား ပြောကြား၍ ထောင်လွတ် လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်ခွင့်ရသည့် အကျဉ်းသား၊ အကျဉ်းသူများကို ခရီးစရိတ်နှင့် စားစရိတ်တို့အား ဦးစီးရန်ပုံငွေမှလည်းကောင်း၊ စခန်းများမှလွတ်မြောက်သည့် အကျဉ်းသား/ အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက်ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ရန်ပုံငွေမှလည်းကောင်း ပြည့်ဝစွာ ထုတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်မြောက်ခွင့်ရသူ ၄၅၁၄ ဦးအနက် ကချင်ပြည်နယ်မှ ၁၁၁ ဦး၊ ကယားပြည်နယ်မှ ၈ ဦး၊ ကရင်ပြည်နယ်မှ ၁၆၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၂၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၅၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၉၁ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၆၄၂ ဦး၊ မွန်ပြည်နယ်မှ ၁၃၃ ဦး၊ ရခိုင်ပြည်နယ်မှ ၁၀၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀၅၈ ဦး၊ ရှမ်းပြည်နယ်မှ ၃၉၇ ဦး၊ ဧရာဝတီတိုင်းမှ ၃၆၃ ဦး၊ ကုန်ထုတ်စခန်းများမှ ၆၀၈ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၄၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူးစွာ ပွေ့ဖက်နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၇၉ ဦးတို့အား နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းကန့်သတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။