Skip to main content

ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း အကြိမ်(၃၀)မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအ‌ဝေး၊ (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်

နေပြည်တော် ဧပြီ ၁၁

၂၀၂၆ ခုနှစ်၏ အာဆီယံအလှည့်ကျ သဘာပတိ အဖြစ်ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံက Virtual အစီအစဉ်ဖြင့် ဧပြီ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ အကြိမ်(၃၀)မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အစည်းအဝေး၏ ပထမနေ့ဖြစ်သော ဧပြီ ၉ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသည့် AFMGM US-ASEAN Business Council အစည်းအဝေး၊ ဥရောပသမဂ္ဂနှင့်ပူးတွဲကျင်းပသည့် AFMGM EU-ASEAN Business Council အစည်းအဝေး၊ အာဆီယံစီးပွား ရေးအကြံပေးအဖွဲ့နှင့်ပူးတွဲကျင်းပသည့် AFMGM-ASEAN Business Advisory Council အစည်းအဝေး၊ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးတွဲကျင်းပသည့် AFMGM UK-ASEAN Business Council အစည်းအဝေးများတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နိုင်ငံတို့နှင့် အာဆီယံနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ အရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အာမခံနှင့် MSME များတွင် ဘဏ္ဍာငွေဖြည့်ဆည်းပေးနိုင်ရေးနှင့် AI အသုံးပြုမှုတိုးမြှင့်ရေး၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုကိစ္စများ၊ Cybersecurity များ တိုးမြှင့် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းတင်ပြရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အကြံပြုဆွေးနွေးကြသည်။

အစည်းအဝေး၏ ဒုတိယနေ့ဖြစ်သော ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် အကြိမ်(၃၀)မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အာဆီယံအခြေခံအဆောက်အအုံရန်ပုံငွေ (ASEAN Infrastructure Fund–AIF) ဖြင့် ဆောင်ရွက် သည့်စီမံကိန်းကိစ္စရပ်များ၊ အာဆီယံအာမခံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံနယ်စပ်ဖြတ်ကျော် မှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအခွန်နှင့် အကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံပြတင်း တစ်ပေါက်စနစ်အကောင်အထည်ဖော်မှုများ၊ အာဆီယံငွေတိုက်ဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးတို့၏ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးက မှတ်တမ်းတင်သည်။

ဆက်လက်၍ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌကတင်ပြသည့် ASEAN Climate Finance Policy Platform နှင့် စပ်လျဉ်းသည့် သဘောတရားစာတမ်း (Concept Note) ကို အစည်းအဝေးက အတည်ပြုသည်။

ထို့နောက် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာစီးပွားရေးတိုးတက်မှုများနှင့် သုံးသပ်ချက်များ၊ အရင်းအနှီးဈေးကွက် ပိုမိုပေါင်းစည်းဆောင်ရွက်နိုင်ရေးအတွက် digital platforms များတည် ဆောက်ခြင်းနှင့် fintech ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာနည်းလမ်းများ အသုံးပြုဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များအစည်းအဝေးတွင် အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ၎င်း၏အလှည့်ကျ သဘာပတိအဖြစ်ဆောင်ရွက်သည့် ကာလအတွင်းဆောင်ရွက်မည့် Priority Economic Deliverables (PEDs) ကိစ္စရပ်များ၊ ASEAN Economic Community (AEC) Strategic Plan 2026-2030 တွင်ပါဝင်သော Finance Sectoral Plan ၏ ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါင်းစည်းမှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော်မှုအခြေအနေများ၊ ASEAN Taxonomy for Sustainable Finance Version 4 ထုတ်ဝေမည့်ကိစ္စများ၊ အာဆီယံနှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု (ASEAN-ADB Strategic Partnership) တိုးချဲ့ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြရာ အစည်းအဝေးက မှတ်တမ်းတင်သည်။

ထို့နောက် (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး ပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေးအတည်ပြုကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့သည်။

အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်