တစ်မျိုးသားလုံးနှင့်ဆိုင်သည့် နိုင်ငံရေး
“ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက် သာသာ၊ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ အဆင့်အတန်းတို့ မြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏”
