Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လျှပ်စစ်ဓာတ်အားထိန်းချုပ်သည့်စနစ်နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့် စက်ရုံများလေ့လာကြည့်ရှု

နေပြည်တော် ဧပြီ ၁၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ကရုရှား နိုင်ငံမော်စကိုမြို့ရှိ ရုရှားနိုင်ငံတစ်ဝန်းလုံးအတွက် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုထိန်းချုပ်သည့် Russian Power SystemOperator သို့သွားရောက် လေ့လာကြည့်ရှုသည်။

လေ့လာကြည့်ရှုစဉ် ဒုတိယဥက္ကဋ္ဌက စွမ်းအင်အရင်းအမြစ် မျိုးစုံမှ လျှပ်စစ်ဓာတ်အားထုတ်ယူ၍ ပေါင်းစပ်အသုံးပြုခြင်း၊ (Power Generation Mix)ကို နာရီစဉ်အလိုက်အသုံးပြုသည့် ဝန်အားများအပေါ်တွင် ချိန်ညှိ၍ သုံးစွဲသူတို့ စျေးနှုန်းအသက်သာဆုံးဖြစ်စေရန် တွက်ချက်ပြီး Digital Control System ဖြင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေခြင်းဖြစ်ပြီး စိတ်ချယုံကြည်ရသော တည်ငြိမ်သော ဓာတ်အားစနစ်အတွက် အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ကွပ်ကဲနိုင်ကြောင်း ရှင်းလင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ရရှိနိုင်သော စွမ်းအင်အရင်းအမြစ်အမျိုးအစားများအပေါ်တွင် မူတည်၍ အသင့်လျော်ဆုံးဖြစ်စေမည့် Power Generation Mix ကို ရယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်အားထုတ်ယူမှု၊ ဓာတ်အားပို့လွှတ်မှု၊ ဖြန့်ဖြူးမှုတို့တွင် လေလွင့်ဆုံးရှုံးမှု လျော့နည်းသွားစေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်သည့်အပြင် ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း ဓာတ်အားခပေးဆောင်ရမှုများ သက်သာလာမည်ဖြစ်သည့်အတွက် Power Control System တစ်ခုကို နည်းပညာအကူအညီရယူ၍ တည်ဆောက်လိုကြောင်း ဆွေးနွေးရာတွင် နည်းပညာဆိုင်ရာအဖွဲ့တစ်ခု စေလွှတ်ပေးသွားမည်ဖြစ်ပြီး မိမိတို့အဖွဲ့အစည်းသို့လည်း ပညာရှင်များစေလွှတ်၍ လေ့လာစေခြင်း၊ သင်တန်းများပို့ချပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ GRANDTOP Fushan Circular Economic Industrial Park သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက Industrial Park အတွင်း စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် အမှိုက်များ အမျိုးအစားခွဲခြား၍ သိမ်းဆည်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ အမှိုက်မှလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် National Grid သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ၊ စက်ရုံ၏ Control Room မှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့်ထိန်းကျောင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ် အဆင့်ဆင့်အပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး စက်ရုံသို့စေလွှတ်၍ လေ့လာသင်ကြားပေးနိုင်ရန်နှင့် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားမှုအပေါ် ကုမ္ပဏီတာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

GRANDTOP Fushan Circular Economic Industrial Park ရှိ Guangzhou Waste to Energy Power Plant သည် တရုတ်နိုင်ငံတွင် အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အကြီးဆုံးစက်ရုံဖြစ်ပြီး စက်စွမ်းအားမှာ နေ့စဉ် အမှိုက်တန် ၉၃၀၀၊ နှစ်စဉ်အမှိုက်တန် ၃ ဒသမ ၁ သန်းတို့မှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၁၂၀၀ ကျော်ခန့်ထုတ်လုပ်၍ National Grid သို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်