နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်မြှင့်တင် ဖော်ဆောင်နိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေး၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့ရေး၊ နိုင်ငံခြားငွေ တိုးတက်ရှာဖွေရေး၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးတို့ကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာစေရန်အတွက် နိုင်ငံခြားငွေရရှိနိုင်မည့် ပြည်ပပို့ကုန်များကို တိုးတက်မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်နေသော်လည်း စားသုံးဆီ၊ စက်သုံးဆီနှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများအားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေ အပိုကုန်ကျမှု တစ်နှစ်ထက်တစ်နှစ် မြင့်မားနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးရေး၊ လျှော့ချရေးတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့ကာလ စီမံခန့်ခွဲဖြေရှင်းဆောင်ရွက်နေသည့် စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်၍ အကျိုးရလဒ်ကောင်းများရရှိလာသည်ကို တွေ့ရသည်။
နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်းပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိသည်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူတင်သွင်းလျက်ရှိရာ ယခုအချိန်ကာလကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများဖြစ်ပေါ်လာချိန်တွင် ပြည်ပကိုအားပြုနေရသည့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်များအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ ထို့ကြောင့် မလိုလားအပ်ဘဲ အပိုကုန်ကျမှုမဖြစ်စေရန် စက်သုံးဆီဖြန့်ဖြူး ရေးနှင့်ပတ်သက်၍ နိုင်ငံတော်က စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ ဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် စက်သုံးဆီအမျိုးမျိုးကို နှစ်စဉ်တန်ချိန် ငါးသန်းခန့် ပြည်ပမှတင်သွင်း နေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် အကုန်အကျခံပေးလျက်ရှိသည်။ ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စက်သုံးဆီပြဿနာများ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများကြုံတွေ့ရလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကို ဖြေရှင်းပေးနိုင်ရန်အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ကြပ်မတ်ထိန်းကျောင်းပေးလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေသည် စည်းစနစ်မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာခဲ့ပြီး စက်သုံးဆီသုံးစွဲမှုကို သိသာစွာလျှော့ချပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ ဒသမ ၅၄ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန်သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ နေ့စဉ်ပျမ်းမျှသုံးစွဲမှု ကို ၂၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် သက်သာစေမည့်အပြင် အရန်ဆီသိုလှောင်နိုင်မှု ၁၀ ရက်စာအထိ ပိုမိုသိုလှောင်နိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျ ဆက်လက်သုံးစွဲလာနိုင်ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် လျော့နည်းသက်သာစေမည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှုရှိစေရန် ဓာတ်ဆီ ရက် ၄၀ စာနှင့် ဒီဇယ်ဆီ ရက် ၅၀ ခန့်စာရှိပြီး ဧပြီလအတွင်း ဆီသင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းနိုင်ရန် စီမံထားရှိသည်။ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်းသွင်းရန် ရေရှည်အစီအမံများပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ မလိုလားအပ်သော မဟုတ်မမှန်သတင်းများကို နားမယောင်ဘဲ နိုင်ငံတော်က တရားဝင်အသိပေး ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် QR Code ဖြင့်ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ်ဆီဖြည့်တင်းခွင့်ရရှိခြင်း စသည့်အခွင့်အရေးများရှိသည့်အတွက် ကြောင့်ကြကင်းစွာဖြင့် ဝယ်ယူကြပြီး တိုင်းပြည်အကျိုး စီးပွားဖြစ်ထွန်းစေသည့် ခြိုးခြံချွေတာရေး စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
