ကော်ဖီအထွက်တည်ငြိမ်ရေး ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ပေး
သူရိန်နိုင်
ကော်ဖီပင်ကို ဘာကြောင့်ကိုင်းဖြတ်ပြုပြင်သင့်သလဲ
စီးပွားဖြစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် ကိုင်းဖြတ်ပြုပြင်ခြင်းသည် အဓိကထား၍ လုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကော်ဖီတွင် ကိုင်းဖြတ်ပြုပြင်ပေးခြင်းသည် ကော်ဖီနှစ်ခြား သီးခြင်း (biennial bering) မှ ကာကွယ်ပေးပါသည်။
ကော်ဖီနှစ်ခြားသီးခြင်းဆိုသည်မှာ ကော်ဖီအထွက်နှုန်းပုံမှန်မဟုတ်ဘဲ အတက်၊ အကျဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းကြောင့် အထွက်နှုန်းမတည်ငြိမ်သည့်အတွက် စီးပွားရေးထိခိုက်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင် ပုံသွင်းရခြင်း၏ ရည်ရွယ်ချက်များအနေဖြင့် ကော်ဖီသီးကိုင်းများများရရှိစေရန်၊ ကော်ဖီသီးနှင့်အရွက်၏ မှန်ကန်သောအချိုးကို ထိန်းပေးခြင်းအားဖြင့် နှစ်ခြားသီးခြင်းမှကာကွယ်ရန်၊ သေနေသော၊ ရောဂါရနေသော၊ ကိုင်းအိုကိုင်းခြောက်များကိုဖယ်ရှားရန်၊ ကော်ဖီပင်ကြား၊ တန်းကြားများအတွင်း သင့်တော်သော အနေအထားအမြဲရရှိနေစေရန်၊ ကော်ဖီပင်၏ အမြင့်ဆုံးထုတ်လုပ်နိုင်စွမ်းကိုရစေပြီး ပိုးမွှားရောဂါပျံ့နှံ့မှုကို လျော့နည်းစေရန်၊ ရိတ်သိမ်းခူးဆွတ်မှု လွယ်ကူစေရန်၊ ကော်ဖီကိုင်းဖျားခြောက်သေခြင်းဖြစ်မှုကို အနည်းဆုံးဖြစ်စေရန်နှင့် ပိုး၊ မှိုသတ်ဆေးနှင့် အားဆေးများဖျန်းသည့်အခါ အပင်တစ်ပင်လုံးပျံ့ပျံ့နှံ့နှံ့ ရောက်ရှိစေရန်တို့ဖြစ်ပါသည်။
ကော်ဖီပင်ကြီးထွားမှု၏ အစောပိုင်းကာလများတွင် ကော်ဖီပင်သည်အကိုင်းများစွာဖြစ်ပေါ်စေပြီး ၎င်းကိုင်းများအတွင်း သစ်သားဖြစ်တည်စေရန်အတွက် အာဟာရများကို အသုံးပြုရပါသည်။ အစောပိုင်းကာလများတွင် ကော်ဖီအထွက်ကောင်းမွန်သော်လည်း ကော်ဖီပင်သက်တမ်းကြီးရင့်လာခြင်းနှင့်အတူ အပင်၏ကိုင်းများအတွက် သစ်သားများဖြစ်ပေါ်ရန် ကော်ဖီပင်သည် မြေဆီလွှာထဲမှ အာဟာရဓာတ်များကို အသုံးပြုရသဖြင့် ကော်ဖီပင်ကိုင်း အရေအတွက်များလွန်းပါက အာဟာရဓာတ် လုံလောက်မှုမရှိခြင်းကြောင့် ကော်ဖီအထွက် ကျဆင်းလာစေပါသည်။
ကော်ဖီတွင် ကိုင်းဖြတ်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ကော်ဖီပင် ကျန်းမာသန်စွမ်းခြင်းနှင့် အထွက်နှုန်းတိုးစေခြင်းတို့အတွက် အထောက်အကူဖြစ်စေပါသည်။ ကော်ဖီပင်သက်တမ်းကြီးရင့်လာခြင်း၊ အာဟာရဓာတ်ချို့တဲ့လာခြင်းနှင့် ကော်ဖီကိုင်းများ ရှုပ်ထွေးလာပြီး သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းလာနိုင်သော်လည်း ကိုင်းဖြတ်ပြုပြင်ပေးခြင်းနှင့် ငုတ်ဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကော်ဖီအထွက်နှုန်းကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပါသည်။
အပင်၏ ပတ်ဝန်းကျင်နှင့် ဇီဝကမ္မဆိုင်ရာအခြေအနေများ
ကော်ဖီပင်သည် ကော်ဖီမျိုးအလိုက် မြင့်မားလာနိုင်သဖြင့် ကိုင်းဖြတ်ပြုပြင်ခြင်းမပြုပါက အသီးသီးသည့်ကိုင်းအနည်းငယ်မှာ အဖျားပိုင်းတွင် သာစုဝေးနေပြီး မြေပြင်မှ လွန်စွာဝေးကွာသွားပါတော့သည်။ ကော်ဖီပင်တွင် ပထမကိုင်းများသည် အလယ်ဗဟိုမှ အပြင်ဘက်သို့ အစီအစဉ်တကျဖြင့် ရှည်ထွက်လာပြီး (၃-၄) နှစ်ကြာသောအခါ ပထမကိုင်းမှ ဒုတိယကိုင်းနှင့် တတိယကိုင်းများ ဖြစ်ပေါ်လာပါသည်။ အဆိုပါကိုင်းများသည် (၅-၇)နှစ် ကြာအောင်ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့်အတူ အပင်သည်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာရာမှ အမြင့်မားဆုံးသော ကြီးထွားဖွံ့ဖြိုးမှုအဆင့်သို့ရောက်ရှိပြီး နောက်ပိုင်းတွင် အပင်၏ပတ်ဝန်းကျင်နှင့် ဇီဝကမ္မဆိုင်ရာ အခြေအနေများအပေါ် မူတည်၍ ကြီးထွားသန်စွမ်းမှုသည် တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာပါသည်။
ထို့ကြောင့် ကော်ဖီပင်တွင်သင့်တင့်သောကိုင်း အရေအတွက်ရရှိစေရန်အတွက် ကိုင်းဖြတ်ပြုပြင် ရန်လိုအပ်ပါသည်။ ကော်ဖီပင်များကိုကိုင်းဖြတ် ပြုပြင်ခြင်းမပြုဘဲ လွတ်လပ်စွာကြီးထွားခွင့်ပြုပါက တဖြည်းဖြည်းပုံပျက်လာကာ ကော်ဖီပင်အချိုးအစား မမျှတခြင်းကို ဖြစ်ပေါ်လာစေပါသည်။
ကော်ဖီပင်သည် အလွန်ကြီးမားသော ချုံပင်အမျိုးအစားဖြစ်သောကြောင့် ကိုင်းဖြတ်ပြုပြင်မှုမပြုဘဲ သဘာဝအတိုင်းထားပါက ကိုင်းဖျားတွင်သီးနေသော ကော်ဖီသီးများကို ခူးဆွတ်ရာတွင် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသကဲ့သို့ ချုံထူလာပြီး လိုအပ်သောအလင်းရောင်နှင့် လေတို့ကို လုံလောက်စွာရရှိနိုင်ခြင်းမရှိတော့ပါ။ ထိုသို့သော အခြေအနေတွင် ကော်ဖီပန်းပွင့်မှုနှင့် အသီးသီးခြင်းတို့ကို လျော့နည်းကျဆင်းလာစေပါသည်။
အသီးကိုင်းများသည် အသီးသီးပြီးနောက် ရှည်သည်ထက်ရှည်လာကာ အကိုင်းအရင်းပိုင်းရှိ အရွက်များကြွေကျကုန်ပြီး အရွက်အနည်းငယ်နှင့်အသီးသီးနိုင်သော ဒုတိယကိုင်းများမှာ အဖျားပိုင်းတွင်သာ တိုတောင်းစွာရှိနေတတ်ပါသည်။ ကော်ဖီပင်၏ အလယ်ပိုင်းတွင် အရွက်ကင်းမဲ့နေသော အကိုင်းများသည် ခြောက်သွေ့သေဆုံးကာ ကျိုးကျကုန်သဖြင့် ပင်စည်ပေါ်တွင် အကိုင်းငုတ်တိုများ သို့မဟုတ် အမာရွတ်များနှင့် အသီးမသီးသောကိုင်းတက်များသာ ကျန်ရစ်ပါတော့သည်။ ကော်ဖီသီးခူးဆွတ်ရာတွင် အဆင်ပြေသလိုလုပ်ဆောင်မှုများကြောင့် ကော်ဖီအဖျားကိုင်းများ ကျိုးပဲ့ပြတ်တောက်မှုများဖြစ်ပေါ်၍ ကော်ဖီကိုင်းများ လျင်မြန်စွာဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အသီးသီးသောအကိုင်းများနှင့် အရွက်ဖြစ်ပေါ်စေသော ကိုင်းအဆစ်များ နဂိုပုံမှန်ပြန်ဖြစ်ပေါ်စေရန်အတွက် ကိုင်းဖြတ်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါသည်။
ကော်ဖီပင်တွင် နေရောင်ခြည်ရရှိမှုနှင့် အရိပ်ကျရောက်မှုအခြေအနေတို့သည် ကော်ဖီပန်းပွင့်ခြင်းနှင့် အသီးသီးခြင်းတို့ကို ထိန်းညှိအားပေးပါသည်။ နေရောင်ခြည်ရရှိမှု လွန်ကဲပါက အသီးသီးမှုလွန်ကဲခြင်းကို ဖြစ်ပေါ်စေပြီး ထိုသို့လွန်ကဲခြင်းကြောင့် ကော်ဖီပင်အတွင်း သိုလှောင်ထားသော သကြားဓာတ်များစွာကို လိုအပ်သည်ထက် ပိုမိုသုံးစွဲရသဖြင့် ကော်ဖီပင်ကိုင်းဖျားခြောက်သေခြင်း (Die-back)ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်းလုပ်ငန်းသည် နေရောင်ခြည်ရရှိမှုနှင့် ရွက်အုပ်မိုးဧရိယာအတွင်း အရိပ်ကျရောက်မှုအခြေအနေတို့အကြား မျှတအောင်လုပ်ဆောင်ရသဖြင့် အလွန်သိမ်မွေ့သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
ထို့ကြောင့် ကော်ဖီပင်ကျန်းမာသန်စွမ်းပြီး ရေရှည်ခူးဆွတ်နိုင်စေရေးအတွက်လည်းကောင်း၊ ကော်ဖီအထွက်နှုန်းပုံမှန်ရရှိစေရေးအတွက်လည်းကောင်း၊ ပိုးမွှားနှင့်ရောဂါကျရောက်မှုလျော့နည်း စေရေးတို့အတွက်လည်းကောင်း ကော်ဖီစိုက်ခင်းများတွင် ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်းလုပ်ငန်းများကို အလေးထားကာဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတော့သည်။ ။
