Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အများပြည်သူဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သော ခုနစ်ရက်မြောက်နေ့ မြင်ကွင်း

ယနေ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ အများပြည်သူဖူးမြော် နိုင်ရန် ဖွင့်လှစ်ပေးခဲ့သော ခုနစ်ရက်မြောက် နေ့(တနင်္လာနေ့)ဖြစ်သည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ ဦးတည်ရာ လမ်းကြောင်းတွင် ဘုရားဖူးယာဉ်များ သင့်တင့်စွာရှိနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိ ဗုဒ္ဓပရိဝုဏ်အတွင်းသို့ ချောမွေ့စွာ ရောက်ရှိနိုင်ခဲ့သည်။

ရာသီဥတုမှာ အေးချမ်းသော မိုးရိပ်ရှိသောကြောင့် ဘုရားဖူးပြည်သူပရိသတ်များ သက်သောင့်သက်သာရှိနေသည်။ နားနေရာ သုဓမ္မာဇရပ်တန်းများတွင် လည်း နားနေသူပရိသတ်တို့ဖြင့် ပြည့်နေသော်လည်း ကျပ်တည်းမှုမရှိပါ။ စာသင်ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ရက် မဟုတ်၍ ဘုရားဖူးပရိသတ် လျော့ကျမည်ဟု ထင်မိသည်။ အမှန်မှာ စာသင်ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ရက်များကဲ့သို့ ပင် ဗုဒ္ဓပရိဝုဏ်အတွင်း ဘုရားဖူးပရိသတ် များဖြင့် စည်ကားပြည့်နှက်နေခြင်းသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ခိုးတော် ကြီးမားခြင်းကြောင့်ပင်ဖြစ်သည်။

နေ့စဉ်မပျက် စတုဒိသာ ဒံပေါက်အလှူပေးလျက်ရှိသောမဏ္ဍပ်သို့ မေးမြန်းစေ့ငုကြည့်မိသောအခါ ခုနစ်ရက်သားသမီးများ၏ စုပေါင်းဒါန အာဟာရအလှူဖြစ်ကြောင်း ပြောကြားလျက် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သည့် ဩဂုတ် ရက်မှ ၁၆ ရက်အထိ ကျွေးမွေးလှူဒါန်းရန် စီစဉ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ဗုဒ္ဓဥယျာဉ်တော်သို့ အဝင်မုခ်ဦး ဖြတ်သန်းပြီးချိန်တွင် ထပ်မံရောက်ရှိလာ သော အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ကျောင်းသူလေးများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ပြုစုစောင့်ရှောက်သူ ပရဟိတစိတ်ထားအရင်းခံ လူငယ်မောင်မယ်များ၊ သံဃာတော်များ၊ သီလရှင်များ၊ ဘုရားဖူးဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်ခဲ့ရာ ရင်ပြင်တော်၊ ရေပန်း၊ ကျောက်စာရုံစေတီတော်များတွင်ပရိသတ်များ ပြည့်လျှံခဲ့သည့်မြင်ကွင်းကိုလည်း တွေ့မြင်ခဲ့ရသည်။

ယနေ့တွင် ဝှီးချဲလေးများတန်းစီ၍ ဘုရားဖူးလာရောက်ခဲ့သော ဘိုးဘွားများနှင့်တစ်ပြိုင်တည်း တက်ကြွရွှင်လန်းသော အံ့ဩဖွယ်လေ့လာစရာများ၊ မှတ်တမ်းနှင့် အပျော်တမ်းဓာတ်ပုံရိုက်ကြသော၊ အပြန်အလှန်ငြင်းခုံရင်း ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ် မောင်မယ်များ၏ ဗဟုသုတ ဖြည့်ဆည်းကြပုံများသည် အနာဂတ်နိုင်ငံတော်၏ ရင်သွေးငယ်များတွင် တည်ရှိနေသည့် ကြိုးစားလိုစိတ်၊ လေ့လာမှတ်သားလိုစိတ်များကို ဖော်ပြနေသော မြင်ကွင်းတစ်ခုအဖြစ် အမှတ်ထင်ထင် တွေ့ရှိခဲ့ရသည်။

ယာဉ်ထိန်း တာဝန်ယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲများကလည်း ယာဉ်အဝင်အထွက်နှင့် ရပ်နားရန် နေရာများညွှန်ပြပေးလျက် ဝင်ထွက်သွားလာမှုများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ မိုးရာသီဆိုတော့ လမ်းဘေးချပြီး ပါကင်ထိုးရတာမြေကျွံမှာစိုးရတယ်ဆိုသော ခရီးသည်တင် ယာဉ်မောင်းတစ်ဦး၏ အသံကိုလည်း ကြားခဲ့ရသည်။

တည်ဆောက်ရေးလုပ်ငန်းများအလုံးစုံပြီးဆုံးချိန်တွင် စနစ်ကျလှပသော ယာဉ်ရပ်နားကွင်းများ ပေါ်ထွန်းလာမည်ဖြစ်ရာ ယာဉ်ရပ်နားရာတွင် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲကို မအောင့်နိုင်သူ၏ ညည်းတွားမှုဖြစ်သည်ဟု လူကြီးပိုင်းအရွယ် ပုဂ္ဂိုလ် မှတ်ချက်ပြုသံကိုလည်း ကြားခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ရင်ပြင်တော်သို့ အဝင်လမ်းနှင့် ကျောက်စာရုံစေတီများ၏ ဖြူဖွေးတောက်ပ လျက်ရှိသောအရောင်များ၊ ဗုဒ္ဓ၏တရားတော် ဓမ္မခန္ဓာများ၊ ငြိမ်းချမ်းသော သန္တိသုခခံစားမှုများအကြား ကျေနပ် ကြလျက်ရှိပုံကိုလည်း တွေ့မြင်ကြည်နူးရပါသည်။

ရင်ပြင်တော်သို့ ရောက်ရှိစဉ်ထုထည်ဉာဏ်တော် ကြီးမားလျက် ဗုဒ္ဓလက္ခဏာတော်များ၊ ဂုဏ်တော်များနှင့် ပြည့်စုံသော ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ပြီးနောက် ကလေးများကပျော်ရွှင်၊ လူငယ်များကကြည်နူး၊ လူကြီးများက သာဓုအနုမောဒနာခေါ်ဆိုလျက် ရှိပုံမှာ ဗုဒ္ဓအရိပ်အာဝါသ၏ အေးချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ စိတ်နှလုံးချမ်းမြေ့ခြင်းများကို အားလုံးခံစားခဲ့ကြရသည်။

ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓပရိဝုဏ်အတွင်း လမ်းညွှန်ဆိုင်းဘုတ်များ မရှိ၍လောမသိပါ။ ယမန် နေ့များက ဖူးမြော်သူအနည်းငယ်သာရှိခဲ့သော မဟာ ဗောဓိညောင်ပင်တွင် ယနေ့အထူးစည်းကားလျက်ရှိ ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်သူများသည် သက်ဆိုင်ရာနေ့နံအလိုက် ရေ သပ္ပာယ်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူသူများ အထူးပင်များပြားလှသည်ကို တွေ့ရသည်။

ယနေ့သည် မိုးသားအုံ့မှိုင်း၍ မိုးရွာသွန်းမှုမရှိပါ။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း ဘုရားဖူးဧည့်ပရိသတ်တို့သည် ယမန်နေ့များကဲ့သို့ တစ်ခဲနက်မဟုတ်ခဲ့သော်လည်းတလိမ့်လိမ့် တစိမ့်စိမ့်နှင့် အလျင်မပြတ်သော အနယ်နယ်အရပ်ရပ်မှဘုရားဖူးများ၊ ပြည်ပမှလာရောက်လေ့လာဖူးမြော်သူများ၊ ရိပ်သာများ၊ စာသင်တိုက်များ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ခရီးသွားလာရင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှ ဝင်ရောက်ဖူးမြော်သူများဖြင့် စည်ကားလှသော မြင်ကွင်းကို ရေးသားတင်ပြ လိုက်ရပါသည်။

အလင်းသစ်၊ နေမျိုး၊ သန်းတင်အောင်